ကျုပ်ကိုကော မှတ်မိပါရဲ့လား
Tuesday, December 20, 2011 | Ne Ou
(ကျောင်းအကြောင်း (All About School) e-book မှ)
Tags: အက်ဆေး |
နှုတ်ဆက်တယ်ဆိုတာ ခွဲခွာဖို့မှ မဟုတ်တာ
Saturday, September 17, 2011 | Ne Ou
ဒီလမ်းအချိုးမှာပဲ ကျုပ်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြဖူးတယ်။ လမ်းတဖက်ကိုအရောက် ကျုပ်ကလှည့်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခင်ဗျားကလည်း လှည့်အကြည့် ခင်ဗျားကျုပ်ကို လက်များတောင် ဝှေ့ရမ်းနှုတ်ဆက်သွားခဲ့သေးတယ်။
သူလိုကိုယ်လို သာမာန် ညနေခင်းတခုမှာ မြစ်တခုလို အဆက်မပြတ်စီးနေတဲ့ ကားတွေ လူတွေက ကျုပ်တို့နှစ်ယောက်ကြား ခြားသွားခဲ့ပြီ။ ကျုပ်တို့နှစ်ယောက်ကြားခြားသွားတဲ့ ဒီမြစ်ကြီးက ဘဝမှာ ကျော်လွန်နိုင်ဖို့ မဖြစ်နိုင်တဲ့ နှုတ်ဆက်ခွဲခွာမှုတခုဖြစ်လာလိမ့်မယ်လို့ ဘယ်သိခဲ့မှာလဲ။
ကျုပ်တို့ ထပ်ဆုံဖို့ အခွင့်မရှိခဲ့ဘူး နောက်ပြီး တစ်နှစ်ကြာတော့ သေခြင်းတရားကို ခင်ဗျား မျက်မှောက်ပြုသွားရှာပြီ။
အတိတ်ကို ပြန်တူးဖော်ရင်း ပြန်ကြည့်လိုက်တော့ မှားနေသလိုလို ကျုပ်ခံစားရတယ်။ အသေးအဖွဲ နှုတ်ဆက်ခဲ့တာလေးက ပြန်မတွေ့နိုင်တော့တဲ့ ခွဲခွာမှုကြီးတခုကို ဖြစ်စေခဲ့ပြီ။
ဒီအကြောင်း နားလည်နိုင်ဖို့ မနေ့ညက ညစာစားအပြီး ပလေတိုနှုတ်က အံခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ဆိုစကားကို ပြန်ဖတ်မိတယ်။ ခန္ဓာကြီး သေဆုံးသွားတဲ့အခါ ဝိဥာဉ်က လွတ်လပ်သွားတယ်တဲ့။
နှုတ်ဆက်ခွဲခွာခြင်းလား၊ မှားယွင်းနေတဲ့ နားလည်မှုလား အမှန်တရားက ဘယ်မှာလဲဆိုတာ ကျုပ်မသိတော့ဘူး။
အကယ်လို့ ဝိဥာဉ်ကသာ သေဆုံးမသွားခဲ့ဘူးဆိုရင် ကျုပ်တို့ နှုတ်ဆက်စကားဆိုစရာ မလိုတော့ဘူးမလား။
နှုတ်ဆက်တယ်ဆိုတာကိုယ်က ခွဲခွာမသွားဖို့ ငြင်းဆန်နေကြတာလေ။ နှုတ်ဆက်တယ်ဆိုတာ ဒီနေ့တော့ ငါတို့ ခွဲခွာကြမယ် မနက်ဖြန် ကျုပ်တို့ ပြန်တွေ့ကြမယ်ဆိုတဲ့ သဘောမဟုတ်လား။ ဘာမှမကြာတဲ့ဒီဘဝမှာ သေရအုံးမယ်ဆိုတာ သိတဲ့အတွက်ပဲ အပြီးသတ်နှုတ်ဆက်ခြင်းဆိုတာကို ဖန်တီးခဲ့ကြတာမလား။
ဒေလီယာ တချိန်ချိန်မှာတော့ ကျုပ်တို့ ပြန်တွေ့ကြမယ်လေ။ ဘယ်မြစ်ကမ်းဘေးမှာ ကျုပ်တို့ ဆုံကြမလဲ။ ဒါ မရေရာတဲ့ စကားတွေမှန်းသိပါရဲ့။ ဒါပေမယ့် ခင်ဗျားနဲ့ ကျုပ်က ဘော်ဂတ်နဲ့ ဒေလီယာဖြစ်ခဲ့လေတော့ ဟောဒီမြေမျက်နှာပြင်ပေါ်က ပျောက်ဆုံးသွားတဲ့ မြို့မှာဆုံတွေ့ခွင့်ရဖို့ အမြဲတောင်းဆိုနေကြမယ်လေ ဒေလီယာ။
နေဦး
(၂၀၁၁ စက်တင်ဘာ ၁၇)
(Jorge Luis Borges ရဲ့ Delia Elana San Marco ကို ဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းရသကို ပေါ်လွင်အောင် မဖန်တီးနိုင်ပါက ဘာသာပြန်သူ ကျွန်ုပ်၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။)
Tags: Jorge Luis Borges, အက်ဆေး |
အိပ်မက် ၁၀၄ (Dream 104 by Naguib Mahfouz)
| Ne Ou
အတိတ်ပုံရိပ်တွေထဲ လျှောက်သွားနေတော့ ကျွန်တော်က အဘာဆီယာမြို့လေးမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မျက်ဝန်းအမျိုးသမီး(Lady Eye)အကြောင်း ပြန်တွေးရင်း။ ချက်ချင်းပဲ မျက်ဝန်းကို ဖုန်းခေါ်ပြီး ရေပန်းနားမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ ခံစားချက်အပြည့်နဲ့ နှလုံးသားကသူမကို ဆီးကြိုခဲ့။
အပျော်ရွှင်ခဲ့ဆုံးနေ့တွေတုန်းကလို ဖီရှာဝီ ကဖေးဆိုင်ထဲမှာ ဒီညနေကို အချိန်ဖြုန်းကြဖို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ရင်းနှီးနေတဲ့နေရာကို ရောက်တော့ သေဆုံးသွားပြီးဖြစ်တဲ့ မျက်မမြင်စာအုပ်ရောင်းသူက ကျွန်တော်တို့ အနားကို လာပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လေရဲ့။ နောက် အကြာကြီးခွဲခွာသွားတဲ့ ချစ်လှစွာသော မျက်ဝန်းကို သူအပြစ်တင်ပါတော့တယ်။
သူမကဆိုတယ် ဟိုးအဝေးတနေရာကို ရောက်နေစေခဲ့တာ သေခြင်းတရားကြောင့်ပါတဲ့။ ဒါပေမယ့် သူကတော့ အဲဒီအကြောင်းပြချက်ကို ချက်ခြင်းငြင်းပယ်လိုက်ပါလေရော။ သူကပြောတယ် ချစ်သူတွေကြားမှာ သေခြင်းတရားဆိုတာ ဘယ်တော့မှ ဝင်လာနိုင်မှာ မဟုတ်ဘူးတဲ့။
နေဦး
(၂၀၁၁ စက်တင်ဘာ ၁၇)
(အီဂျစ် စာရေးဆရာ နာဂွတ်မားဖုဇ်၏ အိပ်မက်များပေါင်းချုပ်မှ အိပ်မက် ၁၀၄ ကို
ပြန်လည်ကြိုးစားဘာသာပြန်ထားခြင်းဖြစ်ပြီး မူရင်းစာရေးသူ၏ တင်ပြလိုသည့်
တန်ဖိုးများ ဆုံးရှုံးသွားခဲ့ပါက ကျွန်တော်၏ ညံ့ဖျင်းမှု သက်သက်ကြောင့်သာ
ဖြစ်ပါသည်)
Tags: Naguib Mahfouz, အက်ဆေး |
နန်းကျဘုရင်
Friday, August 05, 2011 | Ne Ou
စကားတွေလည်း အဆန်းတွေဖြစ်လို့
အများအမြင်မှာလည်း မချို
ငါ့ဘဝမှာ ခါးသက်သက်ခံစားချက်တွေကို မြိုချ
ငါ နန်းကျတဲ့ဘုရင်ပါ......
မြန်းမကြွရဲချင်တော့ပါဘူးလေ
နန်းကျတဲ့ဘုရင်မို့
စန်းမထတော့ထင်.....
မင်းခစား ကမ်းနားသစ်ပင်ဆိုကြပေမယ့်
ငါသခင် ဆိုတော့လည်း
ငြိုငြင်ဆုတ်တွေး ဝေးခဲ့ကြတော့
အရင်ကငါ အခုလက်ရှိငါ
ဘယ်မုခ်ကပဲ ထုတ်ထုတ်
ငါ့သရုပ်ကတော့ ..............
စစ်မနိုင်ခဲ့တာ မဟုတ်ဘူး
စစ်မပြိုင်ခဲ့တာပါ
သေပျောက်ပျက်စီး ဒုက္ခသံတွေ တညီးညီးကြားနေရမယ့် အစား
ငါပဲ ဒီပလ္လင်က ဆင်း
ရှေ့လျှောက်ရမယ့်ခရီးဆိုတာ
ဆူးခင်းထားတဲ့လမ်းဆိုလည်း
ငါ့ဖဝါးထက် သွေးစက်တွေ
ကျလိုက ကျစေ........
နေဦး
Tags: ကဗျာ |
မိုးရွာရခြင်း အကြောင်းရင်း
Thursday, July 28, 2011 | Ne Ou
ကမူးရှုးထိုးနဲ့ နိုးသာနိုးလာရ
ဒီနေမှာ ကျွန်တော်အသားမကျသေး
အပြင်မှာ အာရုဏ်ထွန်းပြီဆိုပေမယ့်
ကျွန်တော့်နာရီက ည ၁၂ကိုစွန်းရုံပဲ စွန်းသေးတယ်။
အိပ်ရတာများလို့လားတော့မသိ
ခုအထိ အိပ်ရေးက မဝ တဝ
မျက်လုံးထောင့်မှာက မျက်ချေးစတွေနဲ့........
ထိုးထိုးထောင်ထောင်ဆံပင်
ဖီးမသချင်သေး
အဆီတဝင်းဝင်းမျက်နှာပြင်
ရေဆေးမပြစ်ချင်သေး
အပြင်မှာ ဘယ်လောက်လင်းလင်း
ညနာရီနဲ့ ဆက်မှိန်းရတာ
ဘယ်လောက်အရသာကောင်းသလဲ။
အဆီတထပ် အသားတထပ်
ငါ့ဗိုက်ကြီးလည်း လေးလံဖောင်းအဲ့
အစာဝဖို့ အော်ခဲ့တာလည်း
ငါ အတော်ပင်ပန်းခဲ့ပေါ့။
ခင်ဗျားတို့လိုလူတွေက
နေ့ဆိုဆို နေထွန်းထွန်း
ကျုပ်နာရီမတော့ ညသန်းခေါင်စွန်းစွန်းပဲရှိသေး
အိပ်ရေးပဲ ဝအောင် ဆက်အိပ်
အော်သံတွေတော့
အတိတ်မခံနိုင်ဘူး...................
နေဦး
(၂၀၁၁ ဇူလိုင် ၂၈၊ နေ့လည် ၂း၃၀)
